ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ ဥတ္တရသီရိမြို့နယ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာသစ်ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားတက်ရောက်

ဥတ္တရသီရိ အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာရုံးအတွင်း RCC(၂)ထပ်ဆောင်သစ်(၄၂​ပေx၃၇ပေ) ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန္နက်​​တော်တင်မင်္ဂလာအခမ်းအနားကို နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာနှစ်ဦးက အဆောက်အဦအသစ်တည်ဆောက်နိုင်ရေး ဆုတောင်းဆက်ကပ်ပေးခြင်းဖြင့်စတင်ခဲ့သည်။ ထို့နောက် ရိပ်သာသစ်ကို ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့်တာဝန်ရှိသူများက ပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာ‌​ရေများဖြင့် ပက်ဖျန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါရိပ်သာသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၇၆ ဒသမ ၉၆ သန်းဖြင့် ကချင်အိုင်ဒေါကုမ္ပဏီမှ တာ၀န်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)