မချမ်းဘော အောင်တိုဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဟူသောအချက်နှင့်အညီ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံလူငယ်များအား ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားကိုပိုမိုစိတ်ဝင်စားလာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရှောင်ရှားနိုင်စေရန်နှင့် မြို့နယ်ဂုဏ်ဆောင်နိုင်သော အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပခဲ့သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဥ်နှင့်ဆုတံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက အ.ထ.က(မချမ်းဘော)ကျောင်းဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ မြို့နယ်တွင်းရှိ ပြိုင်ပွဲဝင်အသင်း ၉သင်းက အုပ်စု ၂ စုခွဲကာ အုပ်စုပွဲစဥ်များကစားခဲ့ကြပြီး ယနေ့တွင် မလိရမေအသင်းနှင့် အလန်ဂါးအသင်းတို့က ဗိုလ်လုပွဲစဥ်ကစားခဲ့ရာ မလိရမေအသင်းက အလန်ဂါးအသင်းကို အနိုင်ရကစားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုတံဆိပ်ချီးမြှင့်ပေးအပ်ခြင်းနှင့် ကစားသမားဆုများပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပထမဆုရသော မလိရမေအသင်းအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ
ဥက္ကဋ္ဌဦးအောင်ကိုဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသောအလန်းဂါးအသင်းအား အမှတ်(၁၃၇)ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ချမ်းဇေဟိန်းမှလည်းကောင်း၊ တတိယဆုရရှိသော နမ်ခမ်ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကြည်မိုးမှလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆုရရှိသော မလိရမေ ဘောလုံးအသင်းမှ ကျောနံပါတ် ၁ ကျော်မင်းအောင်အား မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဟိန်းမှလည်းကောင်း၊ နောက်တန်းအားကစာသမားအကောင်းဆုံးဆုရရှိသော နမ်ခမ်ဘောလုံးအသင်းမှ ကျောနံပါတ် ၄ ဖေရမ်ဆင်ဆားရ်အား အမှတ်(၁၃၇)ခြေလျင်တပ်ရင်း ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးဝင်းထွန်းမှလည်းကောင်း၊ ရှေ့တန်းအားကစားသမား အကောင်းဆုံးဆုရရှိသော မလိရမေအသင်းမှ ကျောနံပါတ် ၁၁ ကျော်ထွန်းအောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးခေတ္တရဲမှူး ဒုရဲမှူးမောင်မောင်သူရစိုးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ယောရွှေနီ(မချမ်းဘော)