ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ညောင်ဦး  အောက်တိုဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားကျေးရွာပေါင်းစုံ အမျိုးသားအသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပရာ နတ်ပလင်အသင်းက ဘုန်းတော်အသင်းကို (၇)ဂိုး-(၂)ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် ဆေးမှူးနှစ်ဦးအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစိုးရက အမှတ်တရပစ္စည်း လက်ဆောင်ပေးအပ်သည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရွာသာအေးကျေးရွာ ဘောလုံးအသင်းမှ ဂိုးသမား ဇော်လင်းထွန်းအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစိုးမြင့်က ဂိုးသမားအကောင်းဆုံး ဆုအားပေးအပ်ချီးမြှုင့်ခြင်း၊ပြိုင်ပွဲတစ်လျှောက် နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း အကောင်းဆုံးကစားသမားဆုရရှိသူများအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ ဦးနိုင်ထွေးမှ နောက်တန်းအကောင်းဆုံးကစားသမားရရှိသည့် နတ်ပလင်အသင်းမှ သန့်ဇင်ဦး၊ အလယ်တန်းအကောင်းဆုံးကစားသမား ဘုန်းတော်အသင်းမှ အောင်ကျော်ဟိန်း၊ ရှေ့တန်းအကောင်းဆုံးကစားသမား နတ်ပလင်အသင်းမှ ဆန်းဝေထွန်းတို့အား ဆုတံဆိပ်နှင့်ငွေသားများပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သည့် ဘုန်းတော်အသင်းမှ လှမျိုးနိုင်အား ဆုတံဆိပ်နှင့်ငွေသားဆုချီးမြှင့်ခဲ့ပြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌလား ကျေးရွာပေါင်းစုံ အမျိုးသားအသက်(၂၅)နှစ်အောက်ဘောလုံးပွဲတွင် တတိယရရှိခဲ့သည့် ရွာသာအေးဘောလုံးအသင်းကို ကလပ်ဘုတ်ပြား၊ ဆုဖလားနှင့်ဆုငွေ(၂)သိန်းကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးစိုးစိုးမှပေးအပ်ချီးမြှင့်ခြင်း ဒုတိယဆုရရှိသော ဘုန်းတော်အသင်းကို ကလပ်ဘုတ်ပြား၊ ဆုဖလားနှင့်ဆုငွေ (၃)သိန်းကျပ်အားချီးမြှင့်ခြင်းနှင့် ပထမရရှိသည့် နတ်ပလင်အသင်းအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်မှ ကလပ်ဘုတ်ပြား၊ ပထမဆု ဆုဖလား၊ ဆုငွေ(၅)သိန်းကျပ်တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း