ကျိုင်းတုံ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းကို အောက်တိုဘာ ၇ ရက် မှ ၈ ရက်အထိ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ကျိုင်းတုံမြို့ ခုတင်(၂၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အထူးဆေးကုသရေးအစီအစဉ်အဖြစ် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး ၁၇ ဦးပါဝင်သော ကျန်းမာရေးစောင့်ရှောက်ကုသရေးအဖွဲ့သည် ကျိုင်းတုံမြို့နယ်တွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နှလုံး၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်း၊ ဆီးချိုနှင့် ဟော်မုန်း၊ အရေပြား၊ သွေး၊ အရိုး၊ အကြော၊ အဆစ်၊ ဦးနှောက်နှင့် အာရုံကြော၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ စမ်းသပ်ခွဲစိတ်စစ်ဆေးကုသပေးမှုများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထို့အပြင် ကျိုင်းတုံမြို့နယ်တွင် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော အသက် (၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး၊ ကာကွယ်ဆေးထိုးစုရပ်၌ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့က ထိုးနှံ/တိုက်ကျွေးပေးပြီး လက်ဆောင်ပစ္စည်းများ ပေးဝေသည်။
ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်း၊ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)