ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဗဟန်း အောက်တိုဘာ ၈

ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး‌ ဒေါ်စန္ဒာမိုးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာ ဝင်းတင်ဦး(ကြံခင်း)က ကိုယ့်ဘဝကို မြင့်အောင် လုပ်ကြရမည့် လူငယ်များသည် မျက်စိ၊ နားသာမက စိတ်နှင့် ဦးနှောက်ကိုပါ ဖွင့်ထားရန် လိုအပ်ပါကြောင်း၊ မျက်စိ၊ နား၊ စိတ်၊ ဦးနှောက်ဖွင့်ထားမှသာ အခွင့်အလမ်းက မိမိထံဝင်လာပါက ကိုယ့်ဘက်က အသင့်ဖြစ်နေအောင် သိထားတတ်ထားရမည်ဖြစ်ပါကြောင်း၊ အချိန်ကိုဖြုန်းမပစ်ဘဲ လိုအပ်လာလျှင် အသုံးပြု၍ရစေနိုင်မည့်အရာများကို ဆည်းပူးစုဆောင်းထားမှသာ မိမိတို့ထံဝင်လာမည် အခွင့်အလမ်းများကို အမိဖမ်းနိုင်မည်ဖြစ်ပါကြောင်း စသည့်အကြောင်းအရာတို့ကို ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်တို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

မိုးမိုး