ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း မြေသားများ ပြိုကျမှုဖြစ်

ကျိုက်ထို အောက်တိုဘာ  ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင် (၄)ဖာလုံ၊ ရသေ့တောင်နှင့် စခန်းလေးကြား ကားလမ်း၏ ယာဘက်အခြမ်း ချောက်ဘက်တွင် ယနေ့နံနက် (၁၁)နာရီ (၅၀) မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အကျယ် (၃၅)ပေခန့် မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေသားပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာသို့ မြို့နယ်အဆင့် အင်ဂျင်နီယာအဖွဲ့၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ တောင်တက်အသင်းတို့မှ မြေပြင်သွားရောက် စစ်ဆေးဆောင်ရွက်ပြီး မြေသားပြိုကျသည့် နေရာအနီးတွင် တောင်တက်ယာဉ်များ သတိပြုမောင်းနှင်သွားလာရန် သတိပေးအမှတ်အသားများ၊ သဲအိတ်များ ကာရံတားဆီးထားရှိပြီး တောင်တက်ယာဉ်များ ပုံမှန် အတက်အဆင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)