တာမွေ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် (၁/၂၀၂၃) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း ခြံအမှတ်(၂၅)ရှိ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်များက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အလုပ်အမှုဆောင်များက မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အထွေထွေကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်းတစ်ဦး၏ သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ မြို့နယ်အတွင်း၌ ဘာသာရေးပဋိပက္ခများ(သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက်အောင်ထိန်းသိမ်းရင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့်ဆက်နွယ်သော အခြားနစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီဖြစ်စေရေးအတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)