မြစ်ကြီးနား အောက်တိုဘာ ၈
နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစားလုပ်ငန်း (၇၀၄)ခုရှိပြီး၊ စွန့်ဦးတီထွင်လုပ်ငန်း (၄)ခုပါဝင်ကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ မြစ်ကြီးနားမြို့ရှိ Jamila’ s အမည်ဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းလည်း အပါအဝင်ဖြစ်သည်။ အဆိုပါလုပ်ငန်းသည် သက်ဆိုင်ရာ၏ ကြီးကြပ်ကူညီမှုဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။
အဆိုပါ Jamila’ s လုပ်ငန်းအနေဖြင့် မျက်နှာသစ်ဆပ်ပြာ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နှင့် ရေမွှေးတို့ကို ထုတ်လုပ်လျက်ရှိသည်။ လူသုံးကုန်ပစ္စည်းများ စတင်ထုတ်လုပ်ခဲ့မှုနှင့်ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်သူ မနန်ဆိုင်းသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စင်္ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့စဉ် အလုပ်တစ်ဖက်နှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို တက်ရောက်သင်ကြားခဲ့ကြောင်း၊ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိသားစုဝင်ငွေအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အသေးစား စက်မှုလုပ်ငန်းဆီသို့ ရည်ရွယ်ဦးတည် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။
ယင်းလုပ်ငန်းမှထုတ်လုပ်သည့် မျက်နှာသစ်ဆပ်ပြာကို နနွန်း၊ စပါးလင်အဆီ၊ ပူစီနံအရွက်၊ ဝါးမီးသွေး စသည်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဆေးဖက်ဝင်အပင် များဖြင့် ထုတ်လုပ်သည့်အတွက် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေကြောင်း၊ အထူးသဖြင့် ခန္ဓာကိုယ်ရှိ အရေပြားတွင် ယားယံခြင်းနှင့် အနာရောဂါများကို ပျောက်ကင်းသက်သာနိုင်ကြောင်း၊ မျက်နှာနှင့်အသားအရေ သန့်ရှင်းကောင်းမွန်ရန် အထောက်အကူဖြစ်စေကြောင်းလည်း ဆက်လက်ပြောပြသည်။
လုပ်ငန်းများ စနစ်တကျ သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ထုတ်လုပ်သည့် ထုတ်ကုန် ပစ္စည်းများအတွက် မှတ်ပုံတင်ဆောင်ရွက်လျက်ရှိရာ ကြီးကြပ်ကူညီဆောင်ရွက်ပေးနေသည့် သက်ဆိုင်ရာဌာနနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း လုပ်ငန်းလုပ်ကိုင်သူက ဆက်ပြောသည်။ ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ရည်ရွယ်လုပ်ကိုင်နေခြင်းဖြစ်သည့်အတွက် ထုတ်ကုန်များ ထုတ်လုပ်နေအပေါ် ကျေနပ်ပီတိ ဖြစ်မိကြောင်းလည်း မနန်ဆိုင်းက ပြောသည်။
အထူးသဖြင့် ဈေးကွက်တွင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှုနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ထားသဖြင့် သုံးစွဲရန် ဝယ်ယူရသည့် ပစ္စည်းသည် ပေးချေရသည့် ငွေပမာဏနှင့် ထိုက်တန်မှုရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သည့်အတွက် တစ်နေ့လျှင် အရည်အသွေးမီပစ္စည်းတစ်မျိုးလျှင် (၅၀)ခုခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်းများဖြစ်အောင် ကြိုးစားလျက်ရှိပြီး လုပ်ငန်းများတိုးချဲ့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းလည်း လုပ်ငန်းလုပ်ကိုင်နေသူ၏ ပြောပြချက်အရ သိရသည်။
မိမိအပါအဝင် လူငယ်များအနေဖြင့် စွန့်ဦးတီထွင်ကြရန် အချိန်ရှိနေကြကြောင်း၊ လူတိုင်းသည် လုပ်ငန်းတစ်ခု လုပ်ကိုင်ရာတွင် ငွေကိုသာ ကြိုးစားရှာဖွေခြင်းမဟုတ်ဘဲ အတတ်ပညာတစ်ခုခု တတ်မြောက်အောင် သင်ကြားဆောင်ရွက်နိုင်ကြောင်း၊ မိမိအနေဖြင့် အခြားနိုင်ငံတွင် သွားရောက်ကာ အလုပ်တစ်ခု လုပ်ကိုင်ခဲ့ကြောင်း၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်တွင် အတတ်ပညာဖြင့် အကျိုးပြုလိုသည့် စိတ်ဆန္ဒတစ်ခုရရှိခဲ့ကာ တတ်နိုင်မည့် နည်းပညာကို ကြိုစားသင်ယူခဲ့၍ ယခုလို လုပ်ငန်းဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားပေးနေသည့်အချိန်ဖြစ်နေသဖြင့် ဂုဏ်ယူဝမ်းသာလျက်ရှိကြောင်း၊ အသေးစားလုပ်ငန်းတစ်ခုကို ပိုမိုကြိုးစား ဆောင်ရွက်နိုင်စေသည့် တွန်းအားတစ်ခုဖြစ်ကြောင်းလည်း သူမကဆိုသည်။
လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိနိုင်သည့်အတွက် လုပ်ငန်းတစ်ခု စတင်လိုသူများအနေဖြင့် စိတ်ဝင်စားမှုရှိရန်လိုကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် အချိန်ပိုမိုရရှိသဖြင့် လုပ်ငန်းများ အောင်မြင်နိုင်ကြောင်း၊ မိမိတစ်ပိုင်တစ်နိုင်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ပါက မိမိဒေသ အကျိုးစီးပွားကို မြှင့်တင်ပေးရာရောက်ကြောင်းလည်း ၎င်း၏စိတ်သဘောထား ခံယူဆောင်ရွက်နေမှုကို သိခွင့်ရခဲ့သည်။
ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသော သဘာဝဆေးဖက်ဝင်အပင်ဖြစ်သည့် နနွန်းကို အိမ်တွင် ကိုယ်တိုင်အမှုန့်ပြုလုပ်၍ ဆပ်ပြာထုတ်လုပ်ခြင်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားအဆင်ပြေနိုင်သည့်အပြင် ကျန်းမားရေးအတွက် သင့်လျော်သည့် ထုတ်ကုန်ဖြစ်သည့်အတွက် ပိုမိုဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိပြီး၊ အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် ယခုကဲ့သို့ နည်းစနစ်များကို အခြားသူများ သိရှိအောင် အသိပညာပေးလုပ်ငန်းများလည်း သက်ဆိုင်ရာများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မနန်ဆိုင်းသည် အမျိုးသမီးငယ်တစ်ဦးဖြစ်သည့်အပြင် စွန့်းဦးတီထွင်လိုသော စိတ်၊ ငွေနှင့် အတတ်ပညာရှာဖွေရာတွင် မျှတမှုရှိအောင် ဆောင်ရွက်နေမှု၊ မိမိအကျိုးစီးပွားမှသည် အမြော်အမြင်ကြီးစွာဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ တီထွင် ဖန်တီးလုပ်ကိုင်ဆောင်ရွက်နေမှုအား ရေးသားတင်ပြလိုက်ရပါသည်။
ဖြိုးလေး၊ ငုရွှေဝါ