မြစ်ကြီးနား အောက်တိုဘာ ၈
ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလားအခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင်အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်များနှင့် ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) တစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများကို ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၏ ဇနီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက Fitness Dance ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများနှင့် ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) ၉ ယောက်တွဲပြိုင်ပွဲတွင် ဒုတိယနှင့်တတိယဆုရအသင်းများအားလည်းကောင်း အသီးသီးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အေရိုးဗစ် ၉ ယောက်တွဲပြိုင်ပွဲ ပထမဆုရအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဆုဖလားနှင့်ပြိုင်ပွဲဝင်အခြေခံပညာကျောင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဆုရအသင်းများက အေရိုးဗစ်နှင့် Fitness Dance တို့ဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အခြေခံပညာကျောင်းများမှ အသင်းပေါင်း ၁၄ သင်းမှ အုပ်ချုပ်သူများနှင့် ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်