ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းခွင့်ရရှိနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  အောက်တိုဘာ ၈

ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာများ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းအနေဖြင့် တစ်သျှူးငှက်ပျောအပါအဝင် သီးနှံ စိုက်ပျိုးရေးလုပ်ငန်းသုံး ကွန်ပေါင်းဓာတ်မြေသြဇာများကို ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူတင်သွင်းနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်နိုင်ရန် ဆွေးနွေးဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က မြေသြဇာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် တင်သွင်းခွင့်ရရှိရေး လိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ကွန်ပေါင်းဓာတ်မြေသြဇာတင်သွင်းခွင့်ရရှိရေး လိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြား ချက်များနှင့်စပ်လျဉ်း၍ သိလိုသည်များနှင့် လိုအပ်ချက်၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် ကိစ္စရပ်များကို မေးမြန်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်ရေး အသင်းရုံး၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘာသာရပ်အလိုက် ပြိုင်ပွဲ အမျိုးအစားအလိုက် ကျွမ်းကျင်ပညာရှင်များဖြင့် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများနှင့် နေထိုင်စားသောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်