မြစ်ကြီးနား အောက်တိုဘာ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ သန့်ရှင်းသပ်ရပ်သော မြို့ပြများပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကုဆေးရုံဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမှိုက်ကင်းစင်ရေးနှင့် သစ်ပင်ခြုံနွယ်များရှင်းလင်းရေး၊ ဆေးရုံဝင်းမြေကွက်လပ်များတွင် သစ်ပင်ပန်းမံများ၊ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်နေရာများကို ရှင်းလင်းဆောင်ရွက်နိုင်ရေး ဆေးရုံအုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ကုတင် ၅၀၀ ဆံ့ မြစ်ကြီးနားပြည်သူ့ဆေးရုံဝင်းအတွင်း ကလေးဖျားနာကုသဆောင်အနီးတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နယ်မြေခံတပ်မတော်သားများနှင့်အတူ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဆေးရုံကြီးမျက်နှာစာရှိ အမှိုက်များကောက်ယူရှင်းလင်းနိုင်ရေးနှင့် ဆေးရုံအရိုးကုသဆောင် ဘေးမြေကွက်လပ်တွင် ပန်းခြံငယ်တစ်ခုအကောင်အထည်ဖော်နိုင်ရေး မြေယာရှင်းလင်းဆောင်ရွက် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်