မိုးမိတ်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အိတ်ချ်ပီဗီ ) စတင်ထည့်သွင်း ထိုးနှံခြင်းဆောင်ရွက်

မိုးမိတ်  အောက်တိုဘာ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၌  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်‌ခေါင်းကင်ဆာ ကာကွယ်ဆေး (အိတ်ချ်ပီဗီ)  စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတိုးသောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းလှိုင်က သားအိမ်ခေါင်း ကင်ဆာအများစုဟာ (အိတ်ချ်ပီဗီ)  ပိုးကြောင့်ဖြစ်ပြီး အိတ်ချ်ပီဗီ  ပိုးအမျိုးအစား (၁၆)နှင့် (၁၈)ပိုးများသည် သားအိမ်ခေါင်း ကင်ဆာ အားလုံး၏ (၇၀)ရာခိုင်နှုန်းကို ဖြစ်စေပါ တယ်၊   (အိတ်ချ်ပီဗီ)  ပိုးကူးစက်ခံရသော လူအတော်များများတွင် ရောဂါလက္ခဏာမပြကြောင်းနှင့် သားအိမ်‌ခေါင်းကင်ဆာ ကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကို မိန်းကလေးငယ်များအား ဆောလျင်စွာ ထိုးနှံခြင်းဖြင့် အစောဆုံးကာကွယ်နိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်‌ခေါင်းကင်ဆာ ကာကွယ်ဆေး (အိတ်ချ်ပီဗီ) စတင်ထည့်သွင်း ထိုးနှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မိုးမိတ်မြို့နယ် ရပ်ကွက်ကျေးရွာများရှိ အသက်(၉)နှစ်မှ(၁၀) နှစ်အရွယ်ရှိ မိန်းကလေးငယ်များအား သားအိမ်‌ခေါင်းကင်ဆာကာကွယ်ဆေး (အိတ်ချ်ပီဗီ )ထိုးနှံခြင်းကို  တစ်နှစ်ခြား (၂)ကြိမ် ထိုးနှံပေးမည်ဖြစ်ပြီး  ခန့်မှန်းလျာ ထားသည့် ကာကွယ်ဆေး ထိုးနှံမည့်သူဦးရေ စုစုပေါင်း (၇၄၅) ဦး ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

မိုးမိတ်သား(စည်သူဌေး)