စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားထုတ်ဝေသော “မျှော်ရစ်လမ်းကလေး” စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ   

ပြင်ဦးလွင် အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ‌ ကိုရွှေအောင်သင်း၏ “မျှော်ရစ်လမ်းကလေး” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ “မျှော်ရစ်လမ်းကလေး” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင်‌ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး ဆရာတော်ပညာသာမိ (ကံတည်တောရဆရာတော်)၊ ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ‌သက်နိုင် (ပြင်ဦးလွင်)၊ ကာတွန်းဝင်းမြင့်၊ စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)၊  စာရေးဆရာ ရွှေတိုက်စိုး၊ စာရေးဆရာ ရွှေဘိုမင်းသုခ၊ ဗိုလ်မှူးကြီးခင်မောင်ရင် (ငြိမ်း) (မြင့်မြတ်စာကြည့်တိုက်)၊ စာရေးဆရာမ ဧရာဝတီမေမေတို့က မုဒိတာစကား‌များ အသီးသီးပြောကြားသည်။

ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “မျှော်ရစ်လမ်းကလေး” စာအုပ်ရေးသား၊ ထုတ်ဝေခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့  “မျှော်ရစ်လမ်းကလေး” စာအုပ်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်းက စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်လာသော အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာရေးဆရာ/ဆရာမ၊ သတင်းစာဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား “မျှော်ရစ်လမ်းကလေး” စာအုပ်များ အမှတ်တရလက်‌ဆောင်ပေးခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပွဲကို ဆက်လက်ကျင်းပသည်။

ကဗျာရွတ်ဆိုပွဲတွင် ကဗျာဆရာ မောင်မင်းမူ (ပံသုကျီ)၊ ဝိုင်းကြည်ဖြူ (နောင်ချို)၊ မြနန္ဒာဉာဏ်ဝေ၊ မိုးထက်ကို (အမရပူရ)၊ စာရေးဆရာမ ခိုင်ပန်းဝေနှင့် ဆရာမိုးမှိုင်း(ပြင်ဦးလွင်)တို့က စာပေဆိုင်ရာ သုတ/ရသအတွေးအမြင်များ၊ ရသကဗျာများ ရွတ်ဆိုခဲ့ကြပြီး စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စာရေးဆရာ ကိုရွှေအောင်သင်းသည် ၁၉၉၇ ခုနှစ်တွင် “မြို့ရွှေညာမှ အမေ့မေတ္တာ” ကဗျာဖြင့် စာပေနယ်ထဲသို့ စတင်အခြေချခဲ့ပြီး လူငယ်နှင့်အောင်မြင်မှုစာပေများ၊ တိုင်းရင်းသားဒေသ ရိုးရာနောက်ခံ လုံးချင်းဝတ္ထုများဖြစ်သည့် မြောက်ဦးဧကရီ၊ ပုဂံဆည်းဆာ၏ ဧရာဝတီ၊ ကမာမိုမှ လွမ်းစကား၊ နမ့်မော်မြေက သံယောဇဉ် အစရှိသည့် လုံးချင်းဝတ္ထုများ ရေးသားခဲ့သူဖြစ်ပြီး ယခုထုတ်ဝေသည့် “မျှော်ရစ်လမ်းကလေး” စာအုပ်သည် စာရေးဆရာ‌ ကိုရွှေအောင်သင်း၏ (၂၆) အုပ်မြောက် လုံးချင်းဝတ္ထုဖြစ်ကာ ထားဝယ်ရိုးရာနောက်ခံ လူငယ်ဘဝရသစုံကို ရေးသားဖော်ကျူးထားသည့် ဝတ္ထုဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)