ထန်းတပင်မြို့နယ်၌ မဲရုံမှူးနှင့်ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၂၀


၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းကို အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း ကျောင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မဲရုံမှူးနှင့်ဒုမဲရုံမှူးများသင်တန်းသို့ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၂၃၈)ဦးနှင့် ရပ်ကွက်ကျေးရွာအုပ်စု(၅၉)အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်(၁၁၈)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာသင်ခန်းမ (၄)ခု တို့တွင် သင်တန်းချိန်(၂)ခုခွဲကာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ (၂)ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။  
မဲရုံမှူးများနှင့်ဒုမဲရုံမှူးများသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးတင့် နှင့်ကော်မရှင်မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံ(၁၁၉)ရုံတို့တွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမနှင့် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များအား ရွေးကောက်ပွဲနေ့ နှင့်မဲရုံဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ပြင်ဆင်မှုနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့၊ မဲရုံပိတ်ခြင်း နှင့်မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနေ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် အထွေထွေတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)