မူဆယ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ် (TBP)များကို ရက်ချိန်းပေးစနစ်ဖြင့် စဉ်ဆက်မပျက် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၇:၃၀)အချိန်တွင် မူဆယ်ခရိုင်အားကစားကွင်းအတွင်း၌ ခရိုင်/မြို့နယ်လဝက ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ဆောင်ရွက်ရာတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၏ လမ်းညွှန်မှုဖြင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ဦးစီးကြပ်မတ်၍ မြို့နယ်လဝကဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစန်းလွင်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်တိုဘာလ (၉)ရက်နေ့မှ (၁၇)ရက်နေ့အထိ ယာယီနယ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)ဖြင့် သွားရောက်မည့် ဦးရေ(၅၃၅၈)ဦး (၉)ရက်စာ တစ်ခါသုံးကဒ်များ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ (TBP)တစ်ခါသုံးကဒ်များကို စက်တင်ဘာလ (၁၃)ရက်နေ့တွင် (၃)ရက်စာဦးရေ (၁၅၀၀)၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် (၁၃)ရက်စာ ဦးရေ(၆၄၆၆)၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် (၉)ရက်စာ ဦးရေ (၅၀၃၅)တို့အား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို စက်တင်ဘာလ (၁၃)ရက်နေ့မှစ၍ ရက်ချိန်းပေးစနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ အောက်တိုဘာလ(၇)ရက်နေ့အထိ (၃၄)ရက်စာ ဦးရေ(၁၃၇၁၈)ဦး ပြုလုပ်ဆောင်ရွက်ပြီးဖြစ်သည်။ ယခင်က မြန်မာပြည်ဖက်မှ တစ်ခါသုံးကဒ်(TBP)များဖြင့် တစ်ရက်လျှင် နန်းတော်ဂိတ်မှ ဦးရေ(၃၀၀)နှင့်ဆင်ဖြူဂိတ်မှ ဦးရေ(၂၀၀)ဖြင့် ဖြတ်သန်းသွားလာနိုင်ပြီး စက်တင်ဘာ(၃၀)ရက်နေ့တွင် နန်းတော်ဂိတ်မှ ဦးရေ(၃၃၀)နှင့်ဆင်ဖြူဂိတ်မှ ဦးရေ(၂၅၀)အထိ ဝင်ရောက်နိုင်ရန် နှစ်နိုင်ငံအာဏာပိုင်များ ညှိနှိုင်းဆွေးနွေး၍ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)