ရန်ကုန် အောက်တိုဘာ ၈
စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒေသတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေကို လိုက်နာ၍ အကောင်အထည်ဖော်ဆောင်ရွက်သကဲ့သို့ ကမ္ဘာ့နိုင်ငံများနှင့်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ လက်တွဲဆောင်ရွက်ကြသည့်အခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လုပ်ငန်းတစ်ခုနှင့်တစ်ခု၊ ဈေးကွက်တစ်ခုနှင့် တစ်ခုဝင်ရောက်သည့်အခါ ဈေးကွက် ယှဉ်ပြိုင်မှုများရှိလာပြီး စားသုံးသူများအပေါ်မှာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါကြောင်း၊ လုပ်ငန်းအချင်းချင်း ယှဉ်ပြိုင်ကြသည့်အခါ ဈေးကွက်ကို ဦးစွာထိုးဖောက်ခြင်း၊ ကုန်စည် မူလပိုင်ရှင် စသည့် ယှဉ်ပြိုင်မှုဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးများ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းများ၊ မိမိတို့ အစွမ်းအစနှင့် တီထွင်ထားသည့် ပစ္စည်းအပေါ်မှာ အကာအကွယ် ရယူလိုမှုများ ဖြစ်ပေါ်လာပါကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံအတွင်းမှာ ဆောင်ရွက် ထားသည်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသိရှိစေရန်နှင့် ယှဉ်ပြိုင်မှုဥပဒေ၊ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် မူပိုင်ခွင့်ဥပဒေ ပြဌာန်းထားမှုတွေကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းများကို ဆွေးနွေးရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နယ်ပယ်တိုင်းတွင် ယှဉ်ပြိုင်မှုများရှိလာသည့်အတွက် စီးပွားရေးယှဉ်ပြိုင်သည့်အခါ မျှမျှတတရှိစေရန် လိုအပ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေများလည်း ဆောင်ရွက်နေပြီး လာမည့်အနာဂတ်တွင် ဆန်းသစ်သော ဒီဇိုင်းထုတ်လုပ်မှုများအတွက် အကာအကွယ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ကြိုတင်ပြင်ဆင်နေပြီး တီထွင်ဆန်းသစ်မှုကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လူငယ်များ၏ တီထွင်ဆန်းသစ်မှု၊ ဖန်တီးမှုတို့ကို စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပေါင်းစည်းပြီးလျှင် ဈေးကွက်ဝင်ရောက်၍ ဈေးကွက်တွင် ကြီးပြင်းနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်အကာအကွယ်ပေးရေးစနစ်တစ်ရပ် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုစီးပွားရေးကဏ္ဍများတိုးတက် မြင့်မားလာစေရာတွင် အထောက်အကူများစွာဖြစ်ပြီး၊ မူပိုင်ခွင့်ပိုင်ရှင်များလည်း မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို ဥပဒေနှင့်အညီ ခံစားရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယခုအသိပညာပေးအစီအစဉ်မှာ ဥပဒေများနှင့်စပ်လျဉ်းသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခြင်းအပိုင်းနှင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါမှာ ကြုံတွေ့နေရသည့် အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို စကားဝိုင်းဆွေးနွေးပွဲအဖြစ် အပိုင်း (၂)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ခုနှစ်ကို ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည့် နှစ်ဟု သတ်မှတ်ထားသောကြောင့် ယခုကဲ့သို့ ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်း အစီအစဉ်များကို ပြည်နယ်နှင့်တိုင်းများတွင် လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ၊ ယှဉ်ပြိုင်မှု ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေတို့ကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လေ့လာသိရှိနားလည်စေရန်၊ မျှတပြီး ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုမြင့်မားသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန် ယုံကြည်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရစီးပွားရေးလုပ်ငန်းများလိုက်နာဆောင်ရွက်ရမည့်အချက်များကိုသိရှိလိုက်နာခြင်းအားဖြင့် မလိုလားအပ်သည့် အခြေအနေများကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့လာစေခြင်း၊ စားသုံးသူပြည်သူများဘက်မှလည်း တောင်းဆိုနိုင်သည့် အခွင့်အရေးများကို ပိုသိရှိလာပြီး နစ်နာဆုံးရှုံးမှုများမှ အကာအကွယ်ယူလာနိုင်မှာဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် ပြည်တွင်း စားသုံးသူများအပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး တစ်ဖက်တွင်လည်း တရားမဝင်ကုန်သွယ်မှုများကိုပါ လျော့ချပေးနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါတွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များ ပြည်တွင်းဈေးကွက်၌သာမက ပြည်ပဈေးကွက်တွင်ပါ ဈေးကွက်ဝေစုရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်နေကြရပါကြောင်း၊ မိမိတို့အသင်းချုပ်အနေဖြင့်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို ဦးဆောင်လျက် ယှဉ်ပြိုင်နိုင်မှုမြင့်မားသော၊ ကဏ္ဍစုံ ပါဝင်သော တူညီမျှတမှုရှိ၍ သာယာဝပြောသော စီးပွားရေးဝန်းကျင်နှင့် နိုင်ငံတော်ကြီးကို တည်ဆောက်သွားရန်ဆိုသည့် ရှေ့လုပ်ငန်းစဉ် ချမှတ်ထားပြီး မိမိတို့၏ အသင်းဝင်များ ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသော စွမ်းဆောင်ရည်မြင့်မားတဲ့ စီးပွားရေးလုပ်ငန်းများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်းဟု ပြောကြားခဲ့သည်။
ထို့နောက် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးသိန်းကလည်းကောင်း၊ မူပိုင်ခွင့်ဥပဒေများဆိုင်ရာ သိကောင်းစရာများကို မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးကလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကို စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းရည်မွန်ဟန်ကလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲသည့်ကုန်စည်၊ ဝန်ဆောင်မှုများတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားသတင်းပေးနိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းများတွင် စင်တာ(၄၈)ခု ဖွင့်လှစ်ထားရှိပြီး အီလက်ထရောနစ်ဆိုင်ရာနည်းလမ်းများဖြင့်သော်လည်းကောင်း၊ Website ကနေတစ်ဆင့်သော်လည်းကောင်း တိုင်ကြားနိုင်ပြီး လက်ရှိမှာလည်း ဖြေရှင်းဆောင်ရွက် ပေးနေသည်များရှိကြောင်း သိရှိရသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ဦးသန်းမောင်၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒေါက်တာမိုးမိုးသွယ်၊ ညွှန်ကြားရေးမှူးချုပ် ၊ မူပိုင်ခွင့် ဦးစီးဌာန၊ ဒေါ်မြတ်မြတ်ကျော်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်၊ ဦးထက်ဝင်းအောင်၊ လက် ထောက်ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနတို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများ၏ သိရှိလိုသည်များကို ပြန်လည် ဖြေကြားခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြင့်သူရ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးမြဟန်၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်စိုးသာ၊ ဦးကျော်ဒေဝ၊ ဒေါ်သူဇာဝင်း၊ ဦးရဲမြင့်မောင်၊ ဦးလှဦး၊ အမှုဆောင်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေဆိုင်ရာပညာရှင်များ၊ သက်ဆိုင်ရာလုပ်ငန်း၊ နယ်ပယ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)