ကျိုက်မရောမြို့နယ်၌ မိုးစပါး ဧက ၅၆၀၁၂ စိုက်ပျိုးပြီးစီး လျာထားဧကထက် ၂၉၃၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်

ကျိုက်မရော အောက်တိုဘာ ၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးစပါးဧက ၅၆၀၁၂ စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၂၉၃၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်မိုးစပါးစိုက်ပျိုးရန် ၅၃၀၈၂ ဧကလျာထားခဲ့ပြီး လက်ရှိမြေပြင်တွင် ဧက ၅၆၀၁၂ စိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့သည်။

မိုးစပါးများစိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုးစပါးမျိုးများအား အထွက်နှုန်းကောင်းမွန်ရေးမျိုးကောင်းမျိုးသန့်ရရှိရေးအတွက်  စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များကူညီထောက်ပံခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကူညီထောက်ပံပေးခြင်းများဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါမိုးစပါးများကို ကျိုက်မရောမြို့နယ်၌ ဇူလိုင်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလကုန်တွင် စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

မိချို (ပြန်/ဆက်)