တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တပ်ကုန်း အောက်တိုဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၆ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်လင်းထွန်းက “လူငယ်နှင့်အားကစား”ခေါင်းစဉ်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အသင်းဝင်စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)က “လူငယ်နှင့်လျှောက်သောလမ်း” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ပြီးနောက် ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးဦးတိုးဝင်းရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်