နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ တလုတ်ပင်ကျေးရွာအုပ်စုရှိ စမ်းကလေးသုသာန်အား ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကိုမှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာရှိ ပလွေးချောင်းကမ်းပါးပြိုကျခဲ့သဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပလွေးချောင်းရေတိုက်စားမှုလျော့ပါးသက်သာစေရေးအတွက် ယာယီကမ်းထိန်းခြင်းလုပ်ငန်းနှင့် ချောင်းရေလမ်းကြောင်းချဲ့ပေးခြင်းလုပ်ငန်းမှုအားကြည့်ရှုစစ်ဆေးရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နေပြည်တော်ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပလွေးချောင်းရေတိုက်စားမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအား ယာယီမြေထိန်းနံရံဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကိုပေးအပ်ရာ ကျေးရွာမှတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စုအတွင်းရှိ မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ လယ်ယာစိုက်ပျိုးရေးသုံးပိုက်၊ သစ်သီးထည့်ခြင်းထုတ်လုပ်မှု၊ မျိုးစပါးအခြောက်ခံဆောင်ရွက်မှုအခြေအနေများအားသွားရောက်၍ကြည့်ရှုစစ်ဆေးရာ မန်နေဂျာဒေါ်နန်းထက်ထက်လှိုင်က ကုမ္ပဏီမှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက စက်ရုံအတွင်း မျိုးစပါးအခြောက်ခံ ထုတ်လုပ်မှု၊ လယ်ယာစိုက်ပျိုးရေးသုံးပိုက်၊ သစ်သီးထည့်ခြင်းများ ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်း(စံပြ)ကျေးရွာသို့ရောက်ရှိရာ ကျေးရွာပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးနေမှုကိုလည်းကောင်း၊ နေပြည်တော်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်တွင်ပါရှိသည့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ပြီး သင်ကြားနေမှုကိုလည်းကောင်းကြည့်ရှုအားပေးပြီး ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ တင်ဒါခေါ်ယူပြီး မျိုးခေတ်ကျော်ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်သည့် ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ညောင်ကုန်းကျေးရွာမှ ဟိုတယ်နောက်ကျောပတ်လမ်းအထိ ဆက်သွယ်သော လမ်းဟောင်းအား ဖွကြိတ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည်ကောင်းမွန်စေရေးကို အလေးထားပြီး ဆောင်ရွက်စေလိုကြောင်းမှာကြားပြီး  ညောင်ကုန်းကျေးရွာတွင်းလမ်းအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတမထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညောင်ကုန်း(စံပြ)ကျေးရွာအနီးရှိ ငလိုက်လယ်ယာမြောင်းမကြီး လက်တံ(၁)RD-10640 မှ RD-14050 အတွင်းပျက်စီးနေသော  ရေမြောင်းအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)