လောက်ကိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

 

လောက်ကိုင် အောက်တိုဘာလ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက မြတ်ဆရာတေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ဖတ်ကြားသည်။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ (၅)ဖွဲ့၏ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပညာရေးမှူး ဆရာကြီး ဦးသန်းမော်မှ ဖတ်ကြားခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက အသက် (၆၀)နှစ်ပြည့် အဝေးရောက် ဆရာကြီး/ဆရာမကြီးများအား ကန်တော့လက်ဆောင်များ ပေးအပ် ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဆရာကြီး ဦးထွန်းအောင်ကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းတာဝန်ခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)