လားရှိုး အောက်တိုဘာ ၇
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ဟောပြောပွဲတွင် လားရှိုးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ (ကောင်းညွန့်ဝေ၊ ရေစကြို) က “ဆရာ့ဂုဏ်ရည် စာပန်းချီ” နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ၊ လားရှိုး) “ဆရာ” ခေါင်းစဉ်များဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာတို့၏ ကျေးဇူးတရားနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအတွက် မှတ်သားဖွယ်ရာ များကို ဟောပြော သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို လားရှိုး မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမွန်နှင့် အဖွဲ့ဝင်များ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရ မနန္ဒာလင်း၊ အ.ထ.က(၇)၊ ဒုတိယဆု မယွန်းလပြည့် အ.ထ.က(၂) ၊တတိယဆုရ မဆုမြတ်မွန် (Green Light ကိုယ်ပိုင်ကျောင်း)၊ နှစ်သိမ့်ဆု(၁) မအေးချမ်းခိုင်၊ အ.ထ.က (၇)၊နှစ်သိမ့်ဆု(၂) မောင်ရှင်းသန့်အောင်၊ အ.ထ.က(၂)တို့အား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ၊ လားရှိုး)နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် အခမ်းအနားတွင် ပြသထားသည့် နံရံကပ်ပြဘုတ် များနှင့် (Community Centre) အတွင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်