လားရှိုး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အနီးပတ်ဝန်းကျင်ရှိ ဒေသထွက်မှိုနီများ စားဖိုဆောင်သီးနှံ ဈေးကွက်အတွင်းတွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
မှိုနီသည် လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ တောတောင်များတွင် ပေါက်ရောက်ပြီး ဒေသခံများက မှိုနီရှာဖွေ၍ ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် ဝင်ငွေရလျက်ရှိနေသည်။
မှိုနီကို လားရှိုးမြို့တွင် တစ်ပိဿာ သုံးသောင်းကျပ်အထိ ရောင်းချကြပြီး ဒေသခံများကအများအပြား ဝယ်ယူစားသုံးလေ့ရှိကြကြောင်း သိရသည်။
မှိုနီ၏ အသွင်အပြင်မှာ မှိုပွင့်၏ထိပ်၌ အနီရောင်သန်းနေသော အနီစက်များပါရှိ၍ ရိုးတံသည် မကြီးမသေး အရွယ်အစားရှိသည်။ မှိုနီကို ချတ်ပြုတ်၍စားလျှင် ကျိချွဲသောအရသာ အနည်းငယ် ရှိသည်။ မှိုနီကို ချတ်ပြုတ်ကြော်လှော်စားရာတွင် အထူးသတိပြုရမည့်အချက်မှာ ကျက်အောင်ချတ်ပြုတ်ရမည်ဖြစ်သည်။ မကျက်တကျက် ချတ်ပြုတ်စားသောက်မည်ဆိုပါလျှင် မှိုဆိပ်တောက်ခြင်းကို ဖြစ်ပေါ်ကာ အော့အန်ခြင်းဝေဒနာကို ခံစားရစေနိုင်ပါသည်။ ကြက်ဟင်းခါးသီး၊ ကြက်ဥ၊ ခံသီး၊ နို့အမျိုးမျိုး၊ ဂဏန်း ကဲ့သို့သော အစားအသောက်များကို မှိုနှင့်တွဲဖက်၍စားလျှင် အန္တရာယ်ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။ မှိုဆိပ်တောက်လျှင် ထန်းလျက်စားသုံးခြင်း၊ ထန်းလျက်ရည်သောက်ခြင်း၊ ကျီးအာမြစ်ကို ဆားနှင့်သွေး၍ သောက်သုံး၍ မှိုဆိပ်ဖြေနိုင်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)