ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ ဆက်ကပ် လှူဒါန်းပူဇော်သည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး(၉)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတက်ရောက်

စစ်တွေ အောက်တိုဘာ ၇

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး (၉)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထား သူများတက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ ဖွင့်လှစ်ကြပြီး မြို့နယ်ဩဝါဒစရိယ စစ်တွေမြို့၊ ဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက်ပဓာန နာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ ဉာဏဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဩဝါဒါ စရိယ၊ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ နန္ဒသိရီ မဟာထေရ်မြတ်ထံမှ သမ္မောဒနီယဩဝါဒဂါထာ ချီးမြှင့်တော်မူပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) ရခိုင်ပြည်နယ်ဥက္ကဋ္ဌ၊ မင်္ဂလဓမ္မဇောတိကဓဇ ဦးမင်းသန်း ကသာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လျှောက်ထားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA)(ဗဟို)မှ ဆက်ကပ် လှူဒါန်းပူဇော်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃ ဗဟိုဝန်ဆောင်၊ စစ်တွေမြို့၊ မြို့မပရိယတ္တိစာသင်တိုက် ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ စရဏမဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များဆက်ကပ် လှူဒါန်းရာတွင် စစ်တွေမြို့နယ် မှ ဆရာတော်(၇)ပါးနှင့် သံတွဲမြို့နယ်မှဆရာတော် နှစ်ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)