မိုင်းဆတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦးက နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပေါ်တပ်ရင်းတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တက်ရောက်ကြသည့်  ကျောင်းအိပ်၊ ကျောင်းစား အဆောင်နေကျောင်းသူများ အဖြစ်လက်ခံထားပြီး သင်တန်းသင်ကြားနေစဉ် ကာလတစ်လျောက် နေထိုင်၊ စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ကြားတတ်မြောက်ထားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့အသုံးချပြီး ဘဝရပ်တည်သွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာအေးက သင်တန်းသူ(၃၀)ဦးအား သင်တန်းတွင်သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများနှင့် သင်တန်းသူများ၏ နေ့စဉ်ဆောင်ရွက်မှုမှတ်တမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက သင်တန်းတွင် ထူးချွန်ဆုရရှိသူအား အပ်ချုပ်စက်တစ်လုံးကိုလည်းကောင်း၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဒုတိယဆုကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာအေးက သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း  အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များကို လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)