ဘူးသီးတောင် အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နေလယ်(၂)နာရီအချိန်ခန့်က မြို့သစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလှိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် အေးအေးအောင်က စာဖတ်ခြင်းအတတ်ပညာ ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ ကျောင်းသားကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက်သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ကျောင်းစာပညာရပ်များအပြင် ဘဝတိုးတက်ရေးအတွက် စာဖတ်ကြရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားလာမှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး လူငယ်တို့၏အနာဂတ်ဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ လက်ရှိအောင်မြင်နေသူများမှာ စာဖတ်ကြသူများဖြစ်ပါကြောင်း၊ အောင်မြင်လိုပါက အချိန်ကို စီမံခန့်ခွဲတတ်သူဖြစ်ရန်လိုပြီး အနာဂတ်အတွက် ရည်မှန်းချက်ထားရှိရမှာ ဖြစ်ကြောင်းပြောကြားပြီး အလယ်တန်းပြဆရာမဒေါ်အေးအေးခိုင်မှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းပြီး ရိုးသားကြိုးစားတရားမျှတမှုရှိကာ မေတ္တာတရားဖြင့် ညှာတာထောက်ထားတတ်သူများ ဖြစ်ရန်လိုအပ်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရမည်ဖြစ်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်စေလိုကြောင်းစသည်ဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကပြသသည့် အသိပညာပေး နံရံကပ်စာစောင်/ဓာတ်ပုံများအား ပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)