သုံးခွ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကတုံးပေါ်အထက်ကျေးရွာ ဓမ္မာရုံ၌ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်သူများကို ဆုများချီးမြှင့်ပြီး နည်းပြဆရာနှစ်ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြနှစ်ဦးတို့က စာတွေ့လက်တွေ့(၄၅)ရက်ကြာ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)