မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် အောက်တိုဘာ ၇

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး၊ ဆေးရုံပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သားပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တို့ကို လမ်းညွှန်ကြားမှာကာ မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ လူစည်ကားရာ စျေးကြိုမီးပွိုင့်၌ စည်းကမ်းမဲ့ယာဥ်များ၊ လိုင်စင်မဲ့ယာဥ်များ၊ ရောင်ပြန်တပ်ဆင်ထားခြင်းမရှိသော အနှေးယာဥ်များ၊ဆိုင်ကယ် ဦးထုပ်မဆောင်းသူများအား အသိပညာပေး ဖမ်းဆီးဆောင်ရွက်နေမှုများ ကိုကြည်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ်မောင်းသူများ လိုက်နာရန်စည်းကမ်းချက်များနှင့်ဆိုင်ကယ်စီးနင်းသူများ အနေဖြင့် အရည်အသွေးပြည့်ဝသော ဆိုင်ကယ်စီးဦးထုပ်ကိုဆောင်းခြင်း၊ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါသူကလည်းဆိုင်ကယ်စီး ဦးထုပ်ကို  မေးသိုင်းကြိုး သေချာစွာတပ်၍ စီးရန်၊ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရန်နှင့် စည်းကမ်းချက်များအား အလေးထား လိုက်နာ ဆောင်ရွက်ကြရန် ပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)