ပြင်ဦးလွင် အောက်တိုဘာလ ၇
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လင်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် လင်းထက်ကိုယ်ပိုင် အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် လင်းထက်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွေးနွေးပြုံးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး လင်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးသုထက်နိုင်က ဖြည့်စွက်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာမှ ကျောင်းသား/သူများ ဖြစ်သည့် မသဲဆုခိုင်က “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းမင်းဆက်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စည်သူကျော်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသွန်းငွေစင်က “လူငယ်နှင့် ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်စကားဝိုင်းတွင် ဆွေးနွေးချက်များအပေါ် အခြေခံကာ ကျောင်းသားလူငယ်များအတွက် သိမှတ်ဖွယ်ရာများအား ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး စာရေးဆရာ ကိုရွှေအောင်သင်း က လင်းထက်ကိုယ်ပိုင် အထက်တန်းကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွေးနွေးပြုံး လက်ခံရယူခဲ့ပြီး လူငယ်စကားဝိုင်း အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)