လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လားရှိုး အောက်တိုဘာ ၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က လားရှိုးမြို့၊ ပြည်ထောင်စု အားကစားကွင်းတွင်ကျင်းပရာ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအသင်း၊ ဒုတိယဆုရ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်း၊ တတိယဆုရ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအသင်းတို့ကို လားရှိုးခရိုင်၊ ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် တာဝန်ရှိသူတို့ကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်း၊ ဒုတိယဆုရ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအသင်း၊ တတိယဆုရ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအသင်းတို့ကို လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်တာဝန်ရှိသူတို့ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)