အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ ချေးငွေရယူထားသောလုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ

အမ်း အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ချေးငွေရယူထားသောလုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှု အခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။  

ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ၊ သမဝါယမကဏ္ဍ၊ မွေးမြူရေးကဏ္ဍရပ်များများအလိုက် ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍများအတွက် စိုက်ပျိုးရေးဦးစီးမှူးကလည်းကောင်း သမဝါယမကဏ္ဍအတွက် မြို့နယ်သမဝါယမမှ တာဝန်ရှိသူကလည်းကောင်း မွေးမြူရေးကဏ္ဍအတွက် မွေးမြူးရေးဦးစီးမှူးကလည်းကောင်း ကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစီမံကိန်း မိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီဝင်များက ပထမ(၆)လပတ်စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုအား နည်းချက်/အားသာချက်နှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အချက်အလက်များကိုလည်းကောင်း၊ မွေးမြူရေးကဏ္ဍတွင် ကြီးကြပ်ရေးအဖွဲ့က မွေးမြူရေးကဏ္ဍနှင့် ပတ်သက်လုပ်ငန်းဆောင်ရွက်မှုအား နည်းချက်/အားသာချက်နှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အချက်အလက်များကိုလည်းကောင်း သမဝါယမကဏ္ဍ ကြီးကြပ်ရေးအဖွဲ့က သမဝါယမကဏ္ဍဖြင့် လုပ်ငန်းဆောင်ရွက်မှု အားသာချက်/အားနည်းချက်များနှင့် ပြုပြင်ဆောင်ရွက်သင့်သည့်အချက်အလက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

အမ်းမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ သီဟိုဠ်၊ နှစ်ရှည်သီးနှံ မိုးစပါးနွေစပါးအတွက် ငွေကျပ်သိန်း ၁၄၀၀ သိန်း၊ မွေးမြူရေးကဏ္ဍနှင့် အသားကဏ္ဍနှင့် ပတ်သက်၍ ငွေကျပ် သိန်း ၁၀၀၀ သိန်း၊ သမဝါယမကဏ္ဍ အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းနှင့်ပတ်သက်၍ ငွေကျပ်သိန်း ၂၇၀ သိန်းစုစုပေါင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကျပ်သိန်း (၂၆၇၀) သိန်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)