ဗန်းမော်မြို့ အ.လ.က(၁)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဗန်းမော် အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာကြီး ဦးကြည်ဖြူအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများသည် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်လာရမည်ဖြစ်ကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေနိုင်မည့် စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက "စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း   အသိပညာပေးဟောပြောခဲ့သည်။   အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို  ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)