ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ အောက်တိုဘာ  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသအတွင်းတရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ မိုင်းနော့(ဖာတ)ကျေးရွာအုပ်စု၊ ဖာငင်းကျေးရွာ၌ ယမန်နေ့နံနက်(၁၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာလုံခြုံအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအမှားအမှန် ခွဲခြားသိရှိနိုင်စေရေး၊ ကျန်းမာရေးနှင့်ပညာရေးအစရှိသောကဏ္ဍများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြကာ ဒေသခံများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအတွင်းရှိဒေသအကျိုးပြု (ခန်လုံ) ပုဂ္ဂလိက လက်ဖက်စက်ရုံသို့  သွားရောက်လေ့လာကြည့်ရှု့ခဲ့ကြပြီး ဒေသထွက်ထုတ်ကုန်များ ဈေးကောင်းရရှိရေး၊ ဈေးကွက်ဝင်လက်ဖက်များထုတ်လုပ်နိုင်ရေး ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျိုင်းတုံမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဒေသခံပြည်သူများသို့ အိမ်ထောင်စုစာရင်းဖြည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဖွား/သေ စာရင်းများကောက်ယူခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)