မိတ္ထီလာ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင် ၊ သာစည် ၊ ဝမ်းတွင်း မြို့နယ်များရှိ ဒေသခံတောင်သူများ မိုးစပါးကို ဆည်ရေ ကန်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေ ကန်ရေမရသည့်ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မိုးစပါးစိုက်ပျိုးရန် ၁၀၈၂၀၀ ဧက သတ်မှတ်လျာထားပြီး မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ၊ ပုလဲသွယ်၊ ရက်(၉၀)၊ ဧရာမင်း၊ သုခထွန်း၊ ရွှေဘိုဘေးကြားမျိုးစပါးများနှင့် ဒေသမျိုးစပါးများကို အဓိကစိုက်ပျိုးလျက်ရှိသည်။
ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ မြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၁၆၀၄ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၅၈၉၉ ဧက၊ သာစည်မြို့နယ်တွင် ၂၆၁၅၂ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၅၈၁၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)