ရန်ကင်းမြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ​လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)အခမ်းအနားကျင်းပ

ရန်ကင်း အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်(၉:၀၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးထိန်လင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ အားဘေးကင်းလုံခြုံရေးအတွက်အသိပညာဗဟုသုတများရရှိစေရန်​၊ မိမိအနီးအနားရှိ ပစ္စည်းများအား အကောင်းဆုံးအသုံးချတတ်စေရန်၊ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သောဖြစ်စဉ်တစ်မျိုးဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုအရ အချိန်ကာလတစ်ခုအတွင်းအရပ်ဒေသတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအရပ်ဒေသများသို့ အလျင်အမြန်ကျရောက်တတ်သည့် သဘောသဘာဝမျိုးလည်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် မည်သို့ဆောင်ရွက်ရမည်ကိုသိရှိကာ အတူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့လာပါက အသိသတိဖြင့်ဆောင်ရွက်ကြစေရန်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာတက်ရောက်လာသည့် ဌာန​ဆိုင်ရာအကြီးအကဲများက(Kaera Caravan)အစီအစဉ်ကို ကျောင်းသား၊ ကျောင်းသူများကအဖွဲ့လိုက်ဂိမ်းကစားနည်း၊ လက်တွေ့အသုံးချနည်းများအသိပညာပေးပြသမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)