ချီဖွေမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချီဖွေ အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဘာလဲ့ရပကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးက ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွားရေး အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန် တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာ များကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ကျောင်းစာပညာရပ်များအပြင် ဘဝတိုးတက်ရေးအတွက် စာဖတ် ကြရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာ မြင့်မားလာမှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး လူငယ်တို့ ၏ အနာဂတ်ဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြော‌သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ၊ အသိပညာများ ရရှိစေရန် သုတ၊ ရသစာအုပ်စာစောင်များ ပြသပြီး စာအုပ်စာစောင် များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ကျောင်းဆရာ/မများ ကျောင်းသား၊ ကျောင်းသူ (၆၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယော်ကိ (ပြန်/ဆက်)