မိုင်းဆတ်မြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)လ-၂ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဖတ်ကြားကာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သည့် စုပေါင်းသဝဏ်လွှာအား ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်နှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာမကြီးဒေါ်နန်းဝင်းရွှေက ပညာရေးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများအား ဆုံးမဩဝါဒစကားပြောကြားခဲ့ပြီး အ.မ.က (ကျွန်းတော)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဘိုဘိုမြင့်က “အပြုံးလှတဲ့ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)