ကျိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ညွှန်ကြားရေးမှူးဒေါ်ခင်ညိုညိုက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ဆရာ့ဂုဏ်ဖော်ကျူးသော တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခြေခံပညာဦးစီးဌာနမှ အငြိမ်းစားယူခဲ့သော ကန်တော့ခံ အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ဆရာမကြီး (၇၀)ဦး အား ဂါရဝပြုငွေသားများ၊ လက်ဆောင်ပစ္စည်းများနှင့်အတူ အခမ်းအနားတက်ရောက်သူများက စုပေါင်းကန်တော့ခဲ့ကြကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)