မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၁) အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ

မဟာအောင်မြေ အောက်တိုဘာ ၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၁) အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမကြီး ဒေါ်နုနုကြည်(အမေ့အိမ်)က လူငယ်ရေးရာနှင့်ပတ်သက်၍ ကျောင်းသား‌/သူများအနေဖြင့် ပညာရဲ့တန်ဖိုးကို သိရှိနားလည်ပြီး  ပညာတတ်မှသာလျှင် အမှားအမှန်‌ဝေဖန်နိုင်မည်ဖြစ်ကြောင်း၊ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ ပညာတတ်မှသာလျှင် အရာရာဝေဖန်ပိုင်ခြားနိုင်မည်ဖြစ်ပြီး ပညာမြှင့်မှ လူမျိုးတင့်မည်ဆိုသည်အတိုင်း ငယ်စဉ်အခါပညာကို ဂရုတစိုက်၊ စနစ်တကျ လေ့လာသင်ယူသင့်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၈)ရက်နေ့ဟာ စာတတ်မြောက်ရေးနေ့ဖြစ်၍ စာပေသည်တန်းဖိုးကြီးကြောင်း၊ ကလေးဘဝဆိုတာ ရိုးရှင်းလို့တဲ့ဘဝဖြစ်တဲ့အတွက် စာပေတွေကိုဖတ်ရှုသင့်ကြောင့်၊ အတန်းပညာ၊ စာအုပ်မပါဘဲနဲ့ဘဝကပေးတဲ့ပညာ၊ မိမိကိုယ်ပိုင်အသိပညာနဲ့ ဆုံးဖြတ်ရတဲ့ပညာတွေကို သုံးပိုင်းရှိကြောင်း၊ စာအုပ်စာပေတွေကို ရှာဖွေဖတ်ရှုသင့်ကြောင့်၊ စာပေတွေများများဖတ်ရင် အသိပညာတွေများကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ အားကစားနှင့်ပတ်သက်သည်များ ရှင်းလင်း‌ပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း