တာချီလိတ်မြို့၌ " ကမ္ဘာ့ဆရာများနေ့ "(World Teachers' Day) အခမ်းအနားကျင်းပ

တာချီလိတ် အောက်တိုဘာ

အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့ဆရာများနေ့ "  (World Teachers' Day) အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/ကျောင်းသူလေးများက မြတ်ဆရာ သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော " ကမ္ဘာ့ဆရာများနေ့"  (World Teachers' Day)အထိမ်းအမှတ် သဝဏ်လွှာအား တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဦးကျော်မှ ဖတ်ကြားပေးခဲ့ သည်။ ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၏ ခေါင်းဆောင်များမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ စုပေါင်းသဝဏ်လွှာအား ပညာရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးညွှန့်ဝင်းမှဖတ်ကြားရှင်းလင်းခဲ့သည်။ ယင်းနောက် ပညာရေးဌာနမှ အငြိမ်းစားယူခဲ့သော  ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ဂါရဝပြုငွေသားများ၊ လက်ဆောင်ပစ္စည်းများနှင့်အတူ အခမ်းအနား တက်ရောက်သူများက စုပေါင်းကန်တော့ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တာချီလိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

အေးအေးလတ်