ကျောက်ဆည် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာ(၆)ရက် နံနက်(၉)နာရီခွဲက ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် လက်ထောက်မြို့နယ် ပညာရေးမှူးဦးအောင်သူရိန်ထွန်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကအခန်းကဏ္ဍမှပါဝင်သဖြင့် ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များပေါ်ထွန်းလာစေရန်၊ ပညာဟုဆိုရာတွင် ဝိဇ္ဇာပညာ၊ သိပ္ပံပညာကြိုက်နှစ်သက်ရာ ပညာကိုသင်ယူနိုင်ပြီး မည်သည့်ပညာရပ်မဆို ကောင်းကျိုးများစွာရှိကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အချိန်တိုင်းကြိုးစားဆောင်ရွက်သွားကြရန် ဟောပြောခဲ့ပြီး၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ငြိမ်းငြိမ်းစံမှ ရေသည်သက်ရှိများ ရှင်သန်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး၊ တန်ဖိုးမဖြတ်နိုင်သော သဘာဝသယံဇာတတစ်ခုဖြစ်ကြောင်း ရေချိုများကိုမိုးရေမှရရှိခဲ့သော ရေလှောင်ကန်၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ စိမ့်စမ်း၊ သဘာဝရေကန်၊ ဆည်မြောင်းနှင့်ရေသောက်ရေများဖြစ်သည့် ရေတိမ်တွင်း၊ ရေနက်တွင်း စသည့် ရေထွက်များမှရရှိကြောင်း၊ ကမ္ဘာ့လူဦးရေ၏(၃)ပုံ(၁)ပုံသည် မြေအောက်ရေကိုသောက်သုံးရေအဖြစ် အမှီသဟဲပြုနေရပြီး မြေအောက်ရေများကို ပိုမိုထုတ်ယူသုံးစွဲမည်ဆိုပါက ရေလွှာနိမ့်ဆင်းသွားပြီး သုံးစွဲရန်အတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း၊ ရေချိုရေသန့်များ ကုန်ခမ်းသွားပါက လူအပါအဝင်သက်ရှိများ အသက်ရှင်ရပ်တည် နိုင်မည်မဟုတ်ကြောင်း၊ လူသားများအနေဖြင့် ရေချိုများကို မဆင်မခြင်သုံးစွဲမှုမရှိရေးနှင့် ရေချိုသယံဇာတများ လျော့နည်းမှုမရှိရေး၊ အားလုံးပူးပေါင်းပြီး သစ်ပင်သစ်တောများ တည်ထောင်စိုက်ပျိုးပြီး ထိန်းသိမ်းကာကွယ်ကြရန်လိုကြောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စဉ်းစားတွေးခေါ်မှုစသည့် အကြောင်းအရာများ ဟောပြောခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်