ခရမ်း အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ခရမ်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ယမန်နေ့နံနက် (၉ )နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ခရမ်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ဇင်သန့်က ဖတ်ကြားပြီး၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဆရာကြီးဦးသိန်းနိုင်က ဆက်လက်ဖတ်ကြားခဲ့သည်။
ထို့နောက် အသက် (၇၀)နှစ်နှင့်အထက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ခံလှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့၍ ဆရာကြီး၊ ဆရာမကြီးများမှ ကျေးဇူးတင်ဆုံးမစကားများ ပြန်လည်ပြောကြားခဲ့ပြီး အ.ထ.က (၂)ကျောင်းသူလေးများက ဆရာကျေးဇူးတေးသီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)