သံတွဲမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

သံတွဲ အောက်တိုဘာ  ၆

သံတွဲမြို့၌ မြို့နယ်ပညာရေးမိသားစုနှင့်အလှူရှင်များမှ ကြီးမှူးကျင်းပသည့် (ဒဿမအကြိမ်မြောက်) ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာမများက မြတ်ဆရာသီချင်းကိုသီဆို၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ‌ဒေါ်ဝိုင်းစိန်က အမှာစကားပြောကြားပြီး မြတ်ဆရာ ပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုဥက္ကဋ္ဌ ဦးတင်မောင် ကမြတ်ဆရာ ပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် တပည့်များက ကန်တော့ချိုးအားသံပြိုင်ညီညာရွတ်ဆို၍ အသက် ၇၀ နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ကြပြီး ပူဇော်ကန်တော့ငွေ အားတစ်ဦးလျှင် ကျပ်တစ်သိန်း ပူဇော်ခဲ့ကြရာ ဆရာများကိုယ်စား အငြိမ်းစားဆရာကြီးဦးသိန်းမောင်က ဩဝါဒစကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြသည်။ အခမ်းအနားကို ဆရာဂုဏ်ကိုဖေါ်ကြူသည့် ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

ထိုသို့ပူဇော်ကန်တော့ရာတွင် သံတွဲမြို့နယ်အတွင်းရှိ ကန်တော့ခံဆရာကြီး,ဆရာမကြီး (၁၆၂)ဦးရှိ သည့်အနက် (၁၁၆)ဦး လာရောက်ပူဇော်ခံခဲ့ကြကြောင်း ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)