ဆဒုံးမြို့ပတ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီး၍ သွားလာမှုပိုမိုအဆင်ပြေ

ဆဒုံး အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ရပ်ကွက် (၅)နှင့် ရပ်ကွက်(၄) ချိတ်ဆက်ထားသော လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်​ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါလမ်းမှာအရှည် (၁၅၀၀) ပေ၊ အကျယ် (၁၀)ပေ၊ ထု (၈) လက်မရှိပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ် (၈၆.၅၆၂) သန်းဖြင့် လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင် အချိန်မီပြီးစီးရေးအတွက် Northern Emperor ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ဆဒုံးမြို့က တောင်ပေါ်မြို့ဖြစ်တာကြောင့် မိုးရာသီဆို လမ်းတွေက သွားလာရေး အရမ်းခက်ခဲပါတယ်၊ ကျန်းမာရေးကြောင့်အရေးပေါ် သွားလာစရာ ကြုံခဲ့ရင်တောင် သွားရေးလာရေး ခက်ခဲတဲ့အတွက် ဒေသခံတွေအတွက် အခက်အခဲရှိပါတယ်၊ အခုလို ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့် တင်ပေးတော့ ရာသီမရွေးသွာလာဖို့ လွယ်ကူသွားပါတယ်" ဟု ဆဒုံးဒေသခံတစ်ဦးက ပြောကြားသည်။

ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ၏ ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေလာလျက် ရှိကြောင်း သိရသည်။

ခင်မာဝင်း (ဆဒုံး)