သံဖြူဇရပ် အောက်တိုဘာ ၆
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာရဲသွေးထက် ရေးသားသော "ဘဝအတွက်ကြိမ်းသေအောင်မြင်ရေးနည်းလမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီကစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာရဲသွေးထက်ရေးသားသည့် "ဘဝအတွက်ကြိမ်းသေ အောင်မြင်ရေးနည်းလမ်းများ" စာအုပ်ပါ အောင်မြင်ရေးအတွက် အခြေခံသဘောတရား၊ အောင်မြင်မှုအတွက်ကြိုးစားမှု စသည့်အကြာင်းအရာများကို ကျောင်းသား မောင်ကောင်းဆက်ကဖတ်ကြားဆွေးနွေးပြီး၊ အောင်မြင်မှုအတွက်လိုအပ်သောရည်မှန်းချက်၊ ရင်ဆိုင်ရမည့်အခက်အခဲ၊ ယုံကြည်မှု၊ ဘဝအတွေ့အကြုံ၊ သင်ယူသင့်သောအတတ်ပညာ၊ ဘဝပန်းတိုင် စသည့်အကြောင်းအရာကို ကျောင်းသူမအိမ့်ထူးစံက ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် အောင်မြင်မှုအတွက်ဘဝတိုက်ပွဲ၊ စွန့်စားခြင်း၊ ကြိုးစားမှု၊ သင်ယူသင့်သော အတတ်ပညာ၊ ကြိုတင်ပြင်ဆင်ခြင်း၊ ခေတ်နှင့်အမီပြောင်းလဲနိုင်မှု စသည့်အကြောင်းအရာများကို ကျောင်းသူမအေးသန္တာရွှေက ဖတ်ကြားဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများမှလည်း စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့်အသိဖြင့် သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)