မိုးညှင်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မိုးညှင်း အောက်တိုဘာ ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြတ်ဆရာ တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ဖတ်ကြားကာ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုများရရှိကြသည့် ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အသက် (၇၀)နှစ်နှင့်အထက် ဆရာကြီး ဆရာမကြီးများ စုစုပေါင်း (၁၄၀)ဦးအား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြကာ ဆရာကြီး ဆရာမကြီးများအားလုံးကိုယ်စား ဆရာကြီးတစ်ဦးက မေတ္တာဆုံးမဩဝါဒစကား ပြောကြားပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း