ပုဇွန်တောင် အောက်တိုဘာ ၆
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်တွင် ကျင်းပသည်။
အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းလှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူးကိုယ်စား ခေတ္တမြို့နယ်ပညာရေးမှူး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မို့မို့ခင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ပုဇွန်တောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်