ပုဇွန်တောင်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးဆောင်ရွက်

ပုဇွန်တောင် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ဗိုလ်တထောင်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဘေးအန္တရာယ်ကြုံတွေ့လာပါက ကလေးများစနစ်တကျအသုံးချဆောင်ရွက် တတ်စေရန်အတွက် အသိပညာပေးခြင်းဖြစ်ကြောင်း ဟောပြောပို့ချမှုထက် လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်သည့်အတွက် ကျောင်းသူကျောင်းသားများအနေဖြင့် စိတ်ဝင်စားစွာလိုက်ပါဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်လင်းဦးမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လက်တွေ့အသုံးချဆောင်ရွက်တတ်စေရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် လက်တွေ့ဆောင်ရွက်ခြင်း၊ အိမ်နှင့်ကျောင်းမှာရှိတဲ့ ပစ္စည်းများနှင့် ရှေးဦးသူနာပြုစုတတ်စေရန်တို့ကို ကျောင်းသူ/ကျောင်းသားများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် (Kaeru Caravan Game)အစီအစဉ်ဖြင့် Game များကစားခြင်း၊ သရုပ်ပြပစ္စည်းများဖြင့် လက်တွေ့အသုံးချနည်းများကို သင်ကြားပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများကိုယ်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်