ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ပြင်ဦးလွင် အောက်တိုဘာလ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ  လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ချယ်ရီခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝေက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက် ပြီး  အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်မြင့်မြင့်ခိုင်က ဖြည့်စွက် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာမှ ကျောင်းသား/သူများဖြစ်သည့် မလှယမင်းသူက “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသန္တာဖြိုးဝေက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ထူးခန့်သူက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထွန်းလင်းအောင်က “လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည် များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စာရေးဆရာ ကိုရွှေအောင်သင်းက  လူငယ်စကားဝိုင်းတွင် ဆွေးနွေးချက်များအပေါ် အခြေခံကာ ကျောင်းသားလူငယ်များအတွက် သိမှတ်ဖွယ်ရာများအား ဖြည့်စွက်ဆွေးနွေးသည်။  

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး   စာရေးဆရာကိုရွှေအောင်သင်းက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များပေး အပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝေက လက်ခံရယူခဲ့ပြီး လူငယ်စကားဝိုင်း အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)