သာစည် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ (RBF) စီမံကိန်းဖြင့် ဆောင်ရွက်ထားသော နွား၊ ဆိတ်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF)ဖြင့် ကျေးရွာတွင်းအစုအဖွဲ့လိုက် မွေးမြူထားရှိသော နွားကောင်ရေ(၃၀)ကောင်အား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ ဆိတ်ကောင်ရေ (၁၅၀)အား ဒေါင့်သန်းရောဂါကာကွယ်ဆေးများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ဖြင့် မတည်ရန်ပုံငွေ (၃၀၀)သိန်း၊ ကျေးရွာတွင်းအစုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ တစ်ဖွဲ့လျင် (၂၅)သိန်း၊ စုစုပေါင်း ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၀၀)ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နွားကောင်ရေ(၁၈)ကောင်၊ ဆိတ်ကောင်ရေ(၁၀၆)ကောင်ထိ တိုးပွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
မြို့နယ်(ပြန်/ဆက်)