နေပြည်တော် ဇန်နဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူပေါင်းဖွင့်လှစ်လျက်ရှိသည့် ဘာသာစကားသင်တန်းများတွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများအား ဘာသာစကားများသင်ကြားရာတွင် စာတွေ့သင်ကြားရုံသာမက လက်တွေ့ပြောဆိုနိုင်သည့် စွမ်းရည်များ မြှင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဂျပန်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
ရှေးဦးစွာ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအေးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ပူးပေါင်းပြီး ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယားဘာသာစကားသင်တန်းတွေကို လစဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက်(၇)နာရီမှ ညနေ(၆)နာရီထိ သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ စွမ်းရည်မြှင့်မားတိုးတက်စေရေးအတွက်လည်း ယခုလိုပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နောက်ထပ် ဘာသာစကားသင်တန်းများ၊ ကွန်းပျူတာသင်တန်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး၊ JEK ပညာဒါနသင်တန်းမှ ဆရာဦးတေဇာထွန်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂျပန်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဖြိုးအောင်၊ ကိုရီးယားနိုင်ငံမှ Vonunteer နည်းပြဆရာမ Ms; Ha Jin နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးသည်။
အဆိုပါအခမ်းအနားသို့ JEK ပညာဒါနသင်တန်းမှ နည်းပြဆရာ၊ ဆရာမများနှင့် ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယား ဘာသာစကားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
စိုးမိုး(ပြန်/ဆက်)